About

ရာစုသစ်၏ ပညာရေးရေစီးကြောင်း အပြောင်းအလဲနှင့်အတူ ဖြစ်ထွန်းပေါ်ပေါက်လာနေသော ပိဋကဗဟိုပြု အဆင့်မြင့်ပညာရေးကို ဖော်ဆောင်နေသည့် တက္ကသိုလ်များနှင့် ပညာရေးရပ်ဝန်းတို့၌ သုတေသနလုပ်ငန်း ဆောင်ရွက်မှုများနှင့် သုတေသနကွန်ယက် ချိတ်ဆက်ချဲ့ထွင်မှုများ တိုးတက်ဖွံ့ဖြိုးရေးကို ဘက်ပေါင်းစုံမှ ပံ့ပိုးအားပေးရန် ဓမ္မပရိယာယဖောင်ဒေးရှင်းကို ၂၀၁၅ခုနှစ် ဧပြီလတွင် ပုံဖော်လျာထားခဲ့ပြီး ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၃၈၃ သီတင်းကျွတ်လပြည့်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ ရာစုသစ်နှင့် ညီညွတ်သော အခင်းအကျင်းများဖြင့် ပရိယတ္တိပညာရေးဆိုင်ရာ အခြေခံနှင့် အဆင့်မြင့် ကဏ္ဍများတွင် ပိဋကတ်ဗဟိုပြုနှင့် အခြားဆက်နွယ်ရာ ဧရိယာများ၌ သုတေသနလုပ်ငန်းများကို အိုင်စီတီနည်းပညာရပ်များနှင့် ပေါင်းစပ်ဖော်ဆောင်၍ မျိုးဆက်သစ်များ၏ အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူး အလေးပေး ပံ့ပိုးရန်ဖြစ်သည်။ ပညာရေးကဏ္ဍ စည်ပင်၀ပြော၍ တိုင်းကျိုးပြည်ပြု လောကဟိတ လုပ်ငန်းရပ်များကို အစွမ်းကုန် လုပ်ဆောင်နိုင်သော လွတ်လပ်တက်ကြွ လင်းလက်တောက်ပသည့် အနာဂတ်အင်အားစုတစ်ရပ်ကို ဖန်တီးပုံဖော်နိုင်ရေးကို  စိတ်ရည်သန်၍ ဓမ္မပရိယာယဖောင်ဒေးရှင်း ဖြစ်တည်လာရခြင်းဖြစ်သည်။


မျှော်မှန်းချက် (Vision)

ဓမ္မပရိယာယတိုကို့ သင်ယူကျင့်သုံးခြင်းဖြင့် သူတော်ကောင်းတရား ရှည်ကြာစွာ တည်တံ့မည်ဟု ဆိုသည့်အတွက် ရာစုသစ်တိုင်အောင် တည်ရှိနေသည့် ဗုဒ္ဓဒေသနာတော်များကို အနာဂတ်မျိုးဆက်တိုင်အောင် အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်၍ တရားမျှတ လွတ်လပ် ငြိမ်းအေးသော လောကလူ့ဘောင် တည်ဆောက်ရေးတွင် ဓမ္မပရိယာယဖောင်ဒေးရှင်းက ပညာရေး၊ သု​​တေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းရပ်များဖြင့် အစွမ်းကုန် အားဖြည့်ပံ့ပိုးပေးနိုင်မည်ဟု ယုံကြည်မျှော်မှန်းသည်။

𑀲𑀤𑁆𑀥𑀫𑁆𑀫𑁄 𑀘𑀺𑀭𑀝𑁆𑀞𑀺𑀓𑁄 𑀳𑁂𑀲𑁆𑀲𑀢𑀺.
သဒ္ဓမ္မော စိရဋ္ဌိတိကော ဟေဿတိ။
saddhammo ciraṭṭhitiko hessati.
ကောင်းမြတ်သောတရား ကြာမြင့်စွာ တည်တံ့ပေအံ့။
Noble Dhamma will prevail for a long course.

— Asoka’s Minor Rock Edict

တန်ဖိုး (Value)

ကောင်းမြတ်သော တရားတော် ဦးစီးသည့် မွန်မြတ်သော အသိ မွန်မြတ်သော တည်ကြည်မှု မွန်မြတ်သော ကျင့်ဝတ်များကို အပြည့်အဝ လက်ကိုင်ပြု၍ ရည်ရှည် ဖွံ့ဖြိုးတိုးတက် ငြိမ်းအေးချမ်းမြသော လောကဝန်းကျင် ဖြစ်ထွန်းပေါ်ပေါက်စေရန် နိုင်ထက်စီးနင်း လွှမ်းမိုးချုပ်ကိုင်မှုတို့ကို ပယ်ရှားကာ ကြင်နာဖေးမကူညီအားပေးမှုတို့ဖြင့် ကြိုးပမ်းဖော်ဆောင်နိုင်စွမ်းရည် ပြည့်ဝမှုကို အလေးအနက် တန်ဖိုးထားသည်။

𑀏𑀲𑀸 𑀳𑀺 𑀯𑀺𑀥𑀺, 𑀬𑀸 𑀅𑀬𑀁 𑀥𑀫𑁆𑀫𑁂𑀦 𑀧𑀸𑀮𑀦𑀸 𑀥𑀫𑁆𑀫𑁂𑀦 𑀯𑀺𑀥𑀸𑀦𑀁 𑀥𑀫𑁆𑀫𑁂𑀦 𑀲𑀼𑀔𑀺𑀬𑀦𑀸 𑀥𑀫𑁆𑀫𑁂𑀦 𑀕𑀼𑀢𑁆𑀢𑀻𑀢𑀺.
ဧသာ ဟိ ဝိဓိ၊ ယာ အယံ ဓမ္မေန ပါလနာ ဓမ္မေန ဝိဓာနံ ဓမ္မေန သုခိယနာ ဓမ္မေန ဂုတ္တီတိ။
esā hi vidhi, yā ayaṃ dhammena pālanā dhammena vidhānaṃ dhammena sukhiyanā dhammena guttīti.
တရားသဖြင့် ထိန်းအုပ်ခြင်း၊ တရားသဖြင့် စီမံခန့်ခွဲခြင်း၊ တရားသဖြင့် ချမ်းသာစေခြင်း၊ တရားသဖြင့် ကာကွယ်စောင့်ရှောက်ခြင်းတို့သည်ကား နည်းဥပဒေပင်တည်း။
Righteous administration; righteous management; righteous enrichment; and righteous security; it is the rule of law.

— Asoka’s Major Pillar Edict I

လုပ်ငန်းတာဝန် (Mission)

ပိဋကတ်ဗဟိုပြု ပရိယတ္တိပညာရေးကို အဆင်မြင့် နည်းပညာရပ်များဖြင့် ပေါင်းစပ်ပံ့ပိုး၍ သစ်လွင်သော တီထွင်ဖန်တီးမှုများ ကျယ်ပြန့်သော အတွေးအမြင်များ လွတ်လပ်လင်းလက်သော လေ့လာမှုများဖြင့် အဆီးအတား အပိတ်အပင် အကန့်အသတ်မရှိသော ပညာရေးဝန်ဆောင်မှုများနှင့် သုတေသနလုပ်ငန်းများကို ဖော်ဆောင်ကာ လူ့စွမ်းအားအရင်းအမြစ်များ၏ စွမ်းဆောင်ရည်ကို အကောင်းဆုံးအဆင့်သို့ မြှင့်တင်ပြီး လောကလူ့ဘောင် ငြိမ်းအေးချမ်းမြေ့ရေးကို ရှေ့ရှုသည့် အနာဂတ်အကျိုးပြု ပညာရေးဆိုင်ရာမျှော်လင့်ချက်များကို အစွမ်းကုန် ဖြည့်ဆည်းပေးရန် ရည်ရွယ်သည်။

𑀏𑀢𑀁 𑀳𑀺 𑀲𑁂𑀝𑁆𑀞𑀁 𑀓𑀫𑁆𑀫𑀁 . 𑀬𑀁 𑀥𑀫𑁆𑀫𑀸𑀦𑀼𑀲𑀸𑀲𑀦𑀁.
ဧတံ ဟိ သေဋ္ဌံ ကမ္မံ၊ ယံ ဓမ္မာနုသာသနံ။
etaṃ hi seṭṭhaṃ kammaṃ, yaṃ dhammānusāsanaṃ.
တရားနည်းလမ်း ညွှန်ပြခြင်းသည် မြင့်မြတ်သော လုပ်ငန်းဖြစ်၏။
Dhamma instruction is the noble action.

— Asoka’s Major Rock Edict IV

မဟာဗျူဟာလုပ်ဆောင်ချက် (Strategic Action)

ရာစုသစ်၏ အရှိန်အဟုန် ပြင်းထန်သော စိန်ခေါ်မှုများတွင် ပညာရေးဆိုင်ရာ ကဏ္ဍများအတွင်း အရည်အသွေးမြင့်မားသော သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ ဖော်ဆောင်ရခြင်းသည် အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ ထိုစိန်ခေါ်မှုကို ရင်ဆိုင်ကျော်လွှာနိုင်ရေးအတွက် မဟာဗျူဟာမြောက်သော လုပ်ဆောင်ချက်များကို ချမှတ်အကောင်အထည်ဖော်ရန် အထူး လိုအပ်နေသောကြောင့် ပိဋကဗဟိုပြု ပညာရေးဆိုင်ရာ အခြေခံနှင့် အဆင့်မြင့်ပိုင်းတို့တွင် သုတေသနအထူးပြု ဆောင်ရွက်ချက်များ အပြောင်မြောက်ဆုံး ဖန်တီးရန်ဟူသော ရည်မှန်းချက်ဖြင့် ဓမ္မပရိယာယဖောင်ဒေးရှင်း၏ မျှော်မှန်းချက် လုပ်ငန်းတာဝန်နှင့် တန်ဖိုးများကို ဖောင်ဒေးရှင်း၏ ဦးတည်ရာအဖြစ် ပထမဦးစွာ စိစစ်သတ်မှတ်သည်။

ထို့နောက် ပန်းတိုင်များ ပဏာမခြေလှမ်းများနှင့် ရည်မှန်းချက်များကို မဟာဗျူဟာဖော်ဆောင်မှုအဖြစ် ဖန်တီးချမှတ်သည်။ ဆက်လက်၍ လိုအပ်သော လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်မှုအဖြစ် အစီအစဉ်များ ဖော်ထုတ်မည်ဖြစ်သည်။ ဤသို့ဖြင့် ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ဖြစ်ပေါ်ဆဲ ဖြစ်ပေါ်လာမည့် အခြေအနေများ၊ သွားရမည့် လားရာများ၊ ပန်းတိုင်ကို ရောက်ရှိရန် နည်းလမ်းများနှင့် လက်တွေ့စီမံဆောင်ရွက်ချက်များကို စနစ်တကျ ရှုမြင်သုံးသပ်၍ ပိဋကဗဟိုပြု ပညာရေးကဏ္ဍတွင် သုတေသနအထူးပြု ဦးဆောင်ဖန်တီးမှုနှင့် ကွန်ယက်ချိတ်ဆက်မှု ရပ်ဝန်းကြီး ပေါ်ပေါက်ရေးကို နည်းပညာသစ်များ လူ့စွမ်းအားသစ်များဖြင့် ပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်သည်။

More to follow.